အင်္ဂါနေ့၊ အောက်တိုဘာလ 11 - နိုင်ဟံသာ ဆောင်းပါး - ရွှေဟင်္သာသတင်းဌာန
ဦးသိန်းစိန်သမ္မတဖြစ်လာသော ကြံ့/ဖွံ့အစိုးရခေတ် ၂၀၁၁ ခု၊ မတ်ချ်လကစ၍ ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသမှာ တိုက်ပွဲဖြစ်လာပြီး ကချင်ပြည်နယ်တွင်မူ ဇွန်လမှစ၍တိုက်ပွဲဖြစ်လာသည်။ ဤတိုက်ပွဲများသည် အရှိန်လျှော့ကျသွားခြင်း မရှိပဲ တဆင့်ပြီးတဆင့် မြင့်၍ ပြင်းထန် လာနေသည်။ အနှစ် (၂၀) ခန့် သေနတ်သံ တိတ်နေသော ဒေသတွင် ယခုကဲ့ သို့တိုက်ပွဲဖြစ် ပေါ်ပြင်းထန်လာနေရခြင်းကို အရင်းစစ်ကြည့်သော် အကြောင်းမျိုးစုံရှိ သည်ဟုပြောနိုင်သော်လည်း အဓိက မှာ နို်င်ငံခြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူ ပေးရန် ဖြစ်နေသည်ကို တွေ့ရသည်။
နိုင်ငံခြား ကုမ္ပဏီကြီးများသည် ၎င်းတို ့နိုင်ငံနှင့် ၎င်းတို့ အကျိုးကို ရည်စူးထားခြင်း ဖြစ်ပြီး အရိုးအရင်း လောက်ကိုသာ ခံစားရသော ကျွနု်ပ်တို့ နိုင်ငံမှ နိုင်ငံသားအချင်းချင်းသတ်ဖြတ်နေရခြင်းမှာ အလွန်ကို ဝမ်းနည်းဖွယ် ကောင်းပါသည်။ ဤအကြောင်းရပ်ကို ပိုမို မြင်သာအောင် သုံးသပ် တင်ပြ လိုပါသည်။ လွန်ခဲ့သော ၂၀၀၆ ခုနှစ်တွင် နအဖ စစ်အစိုးရနှင့်တရုတ်အစိုးရတို့သည် မြစ်ချောင်းများကိုပိတ်ပြီးဆည် တည်ဆောက်ကာ လျှပ်စစ်ဓါတ်အား ထုတ်ယူရန် သဘောတူ လက်မှတ်ရေထိုး ခဲ့သည်မှာ အနည်းဆုံး (၉) နေရာ မျှရှိပါသည်။ ၎င်းဆည်ကြီး များအနက် မြစ်ဆုံဆည်သည် အကြီးမားဆုံး ဖြစ်ပြီး ပြည်သူနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခများစွာ ဖြစ်စေ နိုင်သောကြောင့် ပြည်သူတို့၏ တောင်းဆိုမှုအရ သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက် နေခြင်းကို ရပ်ဆိုင်းကြောင်း ထုတ်ပြန် ခဲ့သည်ကို အများသိပြီး ဖြစ်ပါသည်။ ထို့အတူ ရှမ်းပြည်နယ်တွင်လည်း ဆည်ကြီး (၈) ခုလောက် တည်ဆောက်ရန် ရှိနေပါသည်။
၎င်းအပြင် ရှမ်းပြည်မြောက်ပိုင်း တရုတ်ပြည်နယ်စပ် မူဆယ်မြို့အနီးမှ ရခိုင်ပြည် ကျောက်ဖြူမြို့အထိ မြန်မာပြည်ကို စလွယ်သိုင်း ဖြတ်၍ ဓါတ်ငွေ့ပိုက်လိုင်းနှင် ့ရေနံပိုက်လိုင်း နှစ်ခုကို ယှဉ်ပြိုင် သွယ်တန်း မြှုပ်နှံရန် စီမံကိန်းကြီး ရှိပါသည်။ ထိုပိုက်လိုင်း နှစ်ခုအပေါ်တွင် ကားလမ်းနှင့် ရထားလမ်းတို့ကို ထပ်မံ တည်ဆောက်ရန်လည်း ရှိ်ပါသည်။ ဤသည်တို့ကား တန်ဖိုးကြီးမားပြီး ထင်ရှားသော လုပ်ငန်းများ ဖြစ်သည်။ မိမိတို့ တွေ့ရှိထားသော စာရင်းအရ ကချင်ပြည်နယ် အတွင်းရှိ ဆည်ကြီး နှစ်ခုအတွက် ရာထားငွေမှာ အမေရိကန် ဒေါ်လာ (၅.၀၃၀) ဘီလျံ၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် (၂.၁၄၆) ဘီလျံနှင့် မုံရွာမြို့ အနီးရှိ လက်ပတောင် ကြေးနီလုပ်ငန်း အတွက် ဒေါ်လာသန်းပေါင်း (၉၉၇) ရှိသည်ဟု သိရသည်။
တရုတ်ပြည်သည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက အရှိန်အဟုန် ကောင်းကောင်းဖြင့် စီးပွားရေး တိုးတက်လာခဲ့ရာ ယခုအခါ စက်ရုံကြီးများနှင့် မော်တော်ယာဉ်များ အလွန် တိုးပွား များပြားလာနေပါသည်။ ထိုစက်ရုံ ကြီးများ အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေးနှင့် မော်တော်ယာဉ်များ သွားလာ နိုင်ရေးအတွက် လျှပ်စစ်ဓါတ်အားနှင့် လောင်စာဆီများ အလွန်ကိုလိုအပ်နေပါသည်။ ယခင်က အသုံးပြု လာခဲ့သော ကျောက်မီး သွေးများ ရှားပါးလာပြီး ရေအားလျှပ်စစ် စက်ရုံများ ထပ်မံ တည်ဆောက်ရန် နေရာလည်း ရှားပါးလာနေသည်။ ထို့ကြောင့် ထပ်မံ တိုးလာမည့် စက်ရုံများ အတွက်ကိုပါ ဖြည့်ဆည်းနိုင်ရန် လျှပ်စစ် ဓါတ်အား အထူးလိုအပ် နေသောကြောင့် လျှပ်စစ်ဓါတ်အားကို ရရှိနိုင်ရန် နယ်စပ်ခြင်း ကပ်နေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဆည်များ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူနိုင်ရန် ကြိုးပမ်း လာကြသည်။
ဤပိုက်လိုင်းသည် တရုတ်ပြည်သူများ၏ အနာဂတ်အတွက် အလွန် တန်ဖိုးကြီးမားသော ရတနာပိုက်လိုင်း ဖြစ်နေသော်လည်း ပိုက်လိုင်း ဖြတ်သန်းရာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ရှိ ပြည်သူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေပါသည်။ ရခိုင်ပြည်နယ်တွင် ကုမ္ပဏီ ဝန်ထမ်းများ အလုပ်သမား များအတွက် အဆောက်အဦးများ၊ ရေနံ သိုလှောင်ကန်များ၊ လုံခြုံရေး တပ်ဖွဲ့များအတွက် စခန်းများ ဆောက်လုပ်ရန်နှင့် ပိုက်လိုင်း သွယ်တန်းရန်အတွက် ၄င်းလမ်းကြောင်းပေါ်ရှိ ဒေသခံ ပြည်သူများ ၏ လယ်ယာ ခြံမြေများကို သိမ်းယူခြင်း ကျေးရွာများကို ရွှေ့ပြောင်း စေခြင်းများ ရှိခဲ့သည်။ ပိုက်လိုင်း လမ်းကြောင်းတလျှောက်ရှိ မကွေးတိုင်း၊ မန္တလေးတိုင်း တို့တွင်လည်း အိမ်များ၊ ရွာများပြောင်းရွှေ့ခံရခြင်း လယ်ယာခြံမြေများ များစွာ ပျက်စီးခြင်းများ ရှိခဲ့သည်။ ဤနစ်နာမှုများအတွက် လျော်ကြေးပေးမည်ဟုပြော နေပြီး မရသေးသူတွေကအများစု၊ အချို့လည်း အနည်းအကျဉ်းမျှသာ ရရှိကြောင်း ကြားသိရသည်။ အာဏာပိုင်များ ဖြတ်စား လာဘ်စားမှုများ နေသော နိုင်ငံတခုတွင် အမှန်တကယ် နစ်နာရသော ပြည်သူများ လျော်ကြေး အပြည့်အဝ ရရှိရန် ဖြစ်နိုင်မည် မဟုတ်ပါ။
ဤလုပ်ငန်းစဉ်များအတွက် မြန်မာအစိုးရမှလုံခြံုရေကိစ္စများကိုတာဝန်ယူထားသည်။ ပိုက်လိုင်း လုံခြံုရေး အတွက်ကြည်းတပ်မှ တပ်ရင်း (၂၈) ရင်း ချထားမှာ ဖြစ်ပြီး ရေပြင်နှင့် ကမ်းစပ်တွင် ရေတပ်နှင့် ရဲတပ်ဖွဲ့ များကို လည်းတိုးချဲ့ချထားသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပိုက်လိုင်း ဖြတ်သန်းသွားရာ လမ်းတ လျှောက်ရှိ ကျေးရွာများမှ ရွာသားများကို စစ်ပညာ သင်ကြားပေးပြီး ဒေသခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းနေပါ သည်။ ဤသည်တို့မှာ သာမာန် လုံခြံုရေး အစီအစဉ်သာ ဖြစ်ပြီး ထူးခြား နေသည်မှာ ပိုက်လိုင်းလမ်းကြောင်း ဂွင်တွင် အခြေပြုနေသော ရှမ်းပြည် တိုးတက်ရေး ပါတီ / ရှမ်းပြည် တပ်မတော် (SSA/N) အဖွဲ့ကို ၂၀၁၁ ခုနှစ်၊ မတ်ချ်လ (၁၃) ရက်နေ့မ ှစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အစိုးရတပ်၏ ထိုးစစ်သည် တဆင့်ပြီး တဆင့် တိုးမြင့် လာခဲ့ရာ ဇွန်လ (၃) ရက်နေ့ ရှမ်းပြည် တပ်မတော်၏ (၇) မိုင် စခန်းကို အင်အား အလုံး အရင်းဖြင့် တိုက်ခိုက်လာသည်။
ထိုတိုက်ပွဲတွင် အစိုးရတပ်မှ ဓါတုဗုံးကျည်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ရှမ်းပြည် တပ်မတော်မှ အရာ ရှိများ ပြောပြ၍ သိရသည်။ ယင်းကိစ္စ အမှန်တကယ် ဖြစ်ခဲ့ကြောင်းကို ထိခိုက်ခဲ့သူများနှင့် ၎င်းတို့၏အဝတ် အစားများကို ပညာရှင်များက ဓါတ်ခွဲစမ်းသပ်ပြီး အတည်ပြုခဲ့ကြောင်းသိရသည်။ ယနေ့အထိ ကာလအားဖြင့် (၆) လကျော်တိုက်ပွဲအတွင်း တိုက်ပွဲအကြိမ် ပေါင်း (၃၀၀)ကျော် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ ကျဆုံး ဒဏ်ရာ ရသူများမှာ (၁၀၀၀) ကျော်နေပြီဖြစ်သည်။ သို့သော်လည်း တိုက်ပွဲ အရှိန်မှာ လျော့ကျ ပြီးဆုံးနိုင်ခြင်း မရှိသေးပါ။
၎င်းအပြင် ကချင်ပြည်နယ်တွင် တာပိန်ရေအားလျှပ်စက်ရုံစစ်လုံခြံုရေးကိုအကြောင်းပြုပြီး အစိုးရတပ်က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) ကို ဇွန်လ (၉) ရက်နေ့တွင် စတင် တိုုက်ခိုက်ခဲ့သည်။ထိုအချိန် က စခဲ့သော တိုက်ပွဲသည် ဖြေရှင်း၍ မရတော့ပဲ ကျယ်ပြန့် ပြင်းထန်လာခဲ့ရာ အစိုးရဖက်မှ တပ်မအလိုက် စေလွှတ် တိုက်ခိုက်လာခဲ့သည်။ စက်တင်ဘာလ အကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း ပိုက်လိုင်းလမ်းကြောင်း ဂွင်တွင် အခြေပြုနေသော ကချင် (KIA) တပ်မဟာ (၄) ဌာနချုပ်စခန်းနှင ့်တပ်ဖွဲ့များကို (၁၂၀) မမအမြောက် ကြီးများဖြင့် တိုက်ခိုက် ခဲ့ပါသည်။ ၎င်းနောက်တွင် ကချင်ပြည ်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင် နေပြန်သည်ဟု ကြားသိရပါသည်။ ကချင်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင်လည်း နှစ်ဖက်စလုံးမှ ကျဆုံး ဒဏ်ရာရသူပေါင်း ထောင်ဂဏန်း ရှိပါသည်။
ဤတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တွင် တောတောင် လျှိုမြောင်များအကြား ထွက်ပြေး ခိုလှုံနေရသူ စစ်ပြေး ဒုက္ခသည် (၃၀၀၀၀) ကျော် ရှိပြီး ကချင်ပြည်နယ် တွင်လည်း တရုတ်နယ်စပ် တဝိုက်တွင် စစ်ပြေး ဒုက္ခသည် (၃၀၀၀၀)ကျော် ရောက်ရှိနေကြောင်း သိရသည်။ ယင်းစစ်ပွဲများကြောင့် သာမာန် ပြည်သူ အရပ်သားထဲမှ သတ်ဖြတ်ခံရသူ ပေါ်တာ အထမ်းသမားအဖြင် လိုက်ပါရသူ မုဒိန်းကျင့်ခံရသူ ရိုက်နှက် ညှင်းပန်း ခံရသူများ စွာ ရှိသည်မှာ အထူး ပြောပြရန် လိုမည်မထင်ပါ။ လယ်ယာ လုပ်ငန်းများကို စွန့်ပစ် ထားရသဖြင့်လာမည့်နှစ် တွင် ဆန်ရိက္ခာ ကြပ်တည်းစေပါလိမ့်မည်။
နှစ်ဖက်သော တိုက်ခိုက်နေသူများ၏ လက်နက်ခဲယမ်း တန်ဖိုး၊ ပျက်ဆီးသွားရသော အိုးအိမ်၊ လမ်းတံတား များ၏ တန်ဖိုးများသည်လည်း မနည်းပါ။ ငွေကြေးဖြင့် ထည့်တွက်၍ မရနိုင်သော လူ့အသက်ပေါင်း များစွာ နှင့် အစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအကြား ပျက်ပြား သွားရသော ယုံကြည်မှု၊ မတူ ကွဲပြားနေသော တိုင်းရင်းသား လူမျိုးများအကြား ပျက်ပြားသွားရသော စည်းလုံးညီညွတ်မှု တန်ဘိုးများကိုပါ ထည့်တွက်လျှင် နစ်နာ ဆုံးရှုံးမှုတန်ဘိုးများအလွန်များပြားပါသည်။
နအဖ စစ်ခေါင်းဆောင်များ ဤစီမံကိန်းကိုလက်ခံခဲ့စဉ်က ငွေနှင့် လက်နက် မည်၍မည်မျှ လက်ခံ ရလာခဲ့ သည်ကို ပြောမပြ နိုင်သော်လည်း မေလ (၂၇) ရက်နေ့ သမ္မတ ဦးသိန်းစိန် တရုတ်ပြည်က ပြန်လာစဉ် ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၇၆၅) သန်းရရှိခဲ့ကြောင်း သိရသည်။ ၎င်းအပြင် ကချင်အဖွဲ့ကို စတင် တိုက်ခိုက်ပြီး မကြာမီ ဇွန်လ အကုန်ပိုင်းတွင် တရုတ်ပြည်မှ HOWO ကုမ္ပဏီထုတ် SINO အမျိုးအစား (၆) ဘီးတပ် မော်တော်ယာဉ် အစီးပေါင်း (၅၀၀) နှင့် ယင်းကားပေါ်တွင် တာလပတ်ဖြင့် ဖုံးအုပ်ထားသော လက်နက်နှင့် ကျည်များဟု ထင်ရသည့် စစ်ပစ္စည်းများ ရခဲ့ကြောင်း တရုတ်နယ်စပ်ရှိ သတင်းဌာနများက ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်ကို တွေ့ရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် တရုတ်နိုင်ငံမှ ရရှိလာသော ငွေကြေးနှင့် စစ်လက်နက် ပစ္စည်းများကို ပိုမို တန်ဘိုးထား မည်လား။ ထိုငွေကြေးနှင့် စစ်လက်နက် ပစ္စည်းများကို လက်နက်ကိုင် တိုင်ရင်းသား အင်အားစု များကို ချေမှုန်းရန် အသုံးပြု လိုက်ခြင်းဖြင့် နိုင်ငံနှင် ့ပြည်သူအတွက် အကျိုးများစွာဖြစ်ထွန်းစေ မည်လား။ ရေတို ရေရှည် အကျိုးနှင့်အပြစ်ကို ရှုမြင ်သုံးသပ်ရန် လိုပါသည်။
တရုတ်ပြည်မှ ဝင်ရောက် လာနေသော စီးပွားရေး အရင်းအနှီးများကြောင့် အနာဂါတ်တွင် ရင်ဆိုင်ရမည့် မြန်မာပြည်၏ အန္တရာယ်များကို သုံးသပ်ကြည့်လျှင် -
(၁) တရုတ်ပြည်သည် လူဦးရေ၊ စီးပွားရေးအင်အား၊ စစ်အင်အားတို့တွင်ထိပ်တန်းရောက်နေပြီး ကမ္ဘာ့ကုလ သမဂ္ဂတွင်လည်း ဗီတိုအာဏာ ရထားသော နိုင်ငံဖြစ်သည်။ ယနေ့ ကမ္ဘာတွင် စူပါပါဝါ နိုင်ငံတခုဖြစ်သည်။ ဤသို့သော နိုင်ငံတခုမှ စီးပွားရေး အရင်းအနှီး ကြီးကြီးမားမား ဝင်ရောက် မြှုပ်နှံပြီးပါက ထိုအရင်းအနှီးများ ကို ကာကွယ်ရန် ၎င်းတို့၏ သြဇာအာဏာကို မလွဲဧကန် ထုတ်သုံး လာပါလိမ့်မည်။ ထို့ကြောင့်မြန်မာပြည် သည် တရုတ်သြဇာခံ နို်င်ငံတခု ဖြစ်လာရန် များစွာ သေချာ နေပါသည်။
(၂) ယခု ဝင်ရောက်လုပ်ကိုင်နေသော စီးပွားရေး စီမံကီန်းများစွာတွင် တရုတ်ပြည်မှ အလုပ်သမားများကို အများစုအသုံးပြုထားသည်။ ဤစီမံကိန်း လုပ်ငန်းများနှင့် ဆက်စပ်ပြီး တရုတ်နိုင်ငံသား သိန်းဂဏန်း နီးပါး မြန်မာပြည် အတွင်းသို့ ရောက်ရှိလာနေသည်။ ယခင် လွန်ခဲ့သော နှစ်အချို့ကလည်း တရုတ်လူမျိုးများ အသွင်သဏ္႑ာန် အမျိုးမျိုးနှင့် မြန်မာပြည် အတွင်သို့ သိန်းနှင့်ချီ၍ ဝင်ရောက် ထားပြီး ဖြစ်သည်။ ၎င်းတို့သည် နည်းနာ အမျိုးမျိုးဖြင့် နိုင်ငံသား မှတ်ပုံတင် ကာဒ်ပြားရအောင် လုပ်ဆောင် နိုင်ခဲ့ကြသည်။ မြန်မာပြည် မြောက်ပိုင်းရှိ မြို့ကြီး တော်တော် များများတွင် ယခုအခါ တရုတ်လူမျိုး၊ တရုတ်စီးပွားရေး၊ တရုတ်ယဉ်ကျေး မှု များဖြင့် ဖုံးလွှမ်း လာနေသည်။ တရုတ်ပြည်သည် အဝေးရောက် တရုတ်လူမျိုးများကိုအကာ အကွယ် ပေးရန် ပေါ်လစီ ချထားသည်။ ထို့ကြောင့် ဤတရုတ် လူမျိုးများ အရေးသည် အနာဂတ်တွင် မိမိတို့နိုင်ငံ အတွက် ဖြေရှင်းရန် မလွယ်သော ပြဿနာကြီး တခု ဖြစ်လာ ပါလိမ့်မည်။
(၃) တရုတ်ပြည်သည် ၁၉၅၉ ခုနှစ်တွင် တိဘက်နိုင်ငံကို သိမ်းယူခဲ့သည်။ ထိုသို့ သိမ်းယူပြီးနောက် တရုတ်လူမျိုး ထောင်သောင်း များစွာကို ပို့လွှတ်ခဲ့သည်။ ယခုအခါ တိဘက် နိုင်ငံတွင် တရုတ်လူဦးရေ (၈၀) ရာခိုင်နှုန်းမျှ ဖြစ်နေလေပြီ။ တိဘက် မျိုးချစ်များသည် အိမ်နီးချင်း နိုင်ငံများတွင် စစ်ပြေး ဒုက္ခသည်များ အဖြစ် ခိုကပ် နေရသည်။ ကမ္ဘာ့ ကုလသမဂ္ဂနှင့် ကမ္ဘာ့နို်င်ငံ ကြီးများလည်း တိဘက်ကိုမကယ်နိုင် တော့ ပါ။ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားပင်လျှင် သွားလိုရာ သွားလို့မရဖြစ်နေရသည်။ နယ်မြေခြင်း ဆက်စပ်နေပြီး အထက်ပါ အချက် ၁/၂ တို့ အခြေခိုင် လာပါက မြန်မာပြည်သည်လည်း ဤအခြေအနေမျိုး ဖြစ်မလာနိုင်ဘူးလား။
ထို့ကြောင့် တရုတ်ပြည်၏ စီးပွားရေး အရင်းအနှီးကို လက်ခံပြီး ၎င်းတို့ထံမှ ရလာသော ငွေကြေး၊ လက်နက် အကူအညီများဖြင့် မိမိတို့ နိုင်ငံသား အချင်းချင်းအပေါ် စစ်ပြု တိုက်ခိုက် နေခြင်းသည် တိုင်းပြည်ကို အကျိုးပြုသော လုပ်ရပ်ဖြစ်ပါသလား။ လေးလေးနက်နက် ထည့်တွက် စေလိုသည်။ မိမိတို့ နိုင်ငံသား အချင်းချင်း ညီညွတ်မှု ပျက်ပြားပြီး ပဋိပက္ခ ကြီးမားနေပါက ပြင်ပ အန္တရာယ်ကို ဖိတ်ခေါ်နေသည့် သဘော ဖြစ်မနေ စေဘူးလား။ မျိုးချစ် ပြည်ချစ် နိုင်ငံသားများ အမြန် ဆုံးဖြတ်ရမည့် ကိစ္စရပ် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
0 comments :
Post a Comment