ဓာတ္ပံု ASSOCIATED PRESS |
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်လိုက်ပြီးနောက်မှာ ကိုမင်းကိုနိုင် ဟာ မြန်မာပြည်အတွက် အရေးကြီး ဆုံး နိုင်ငံရေးအကျဉ်းသမားတယောက်ဖြစ်မယ်ဆိုရင်လည်း မှားမယ်မဟုတ်ပါဘူး။ တခြားသော တိုင်းရင်းသားခေါင်းဆောင်များနဲ့အတူပေါ့။
တချို ့လူတွေရဲ ့ စဉ်းစားပုံ၊ စဉ်းစားနည်းက အစတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးကအဓိကဖြစ်တယ်လို့ တစိုက်မတ်မတ် ကြွေးကြော်ခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ကို benchmark တခုအနေနဲ့ သတ်မှတ်ထားတယ်။ နှစ်ဖက် ဆွေးနွေးဖို့အတွက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်ပြီဖြစ်တယ်။ အခုတခါ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးတဲ့အခါ ကိုမင်းကိုနိုင် လွှတ်မြောက်ရေးကို တောင်းဆိုပြန်တယ်ဆိုပြီး တက်လာတယ်လို့ တချို ့က ပြောကောင်းပြောကြပါလိမ့်မယ်။ ကိုမိုးသီးအနေနဲ့ ဘယ်လိုပြောလိုပါသလဲ။ ဒီကိစ္စကို ပထမဦးဆုံး ရှင်းပေးပါခင်များ။
ကိုမိုးသီးဇွန် ။ ။ ကျနော်မြင်တဲ့အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့အားလုံးရဲ ့ ခေါင်းဆောင်။ ကျနော်တို့အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့ ဆွေးနွေးပွဲက ရလဒ်ကောင်းတွေ ထွက်လာဖို့ကိုလည်း မျှော်လင့်နေပါတယ်။ တကယ်က အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ ့ ဆွေးနွေးချက်တွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အပစ်အခတ်ရပ်စဲရေးတွေလုပ်ဖို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးဖို့ ကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးချက်တွေကနေ ရလဒ်ကောင်းတွေ မထွက်လာဘူးဆိုရင်တော့ လူတွေကလည်း ကိုမင်းကိုနိုင် လွတ်မြောက်ရေးအတွက် ဆက်တောင်းလာရတာ ဖြစ်ပါတယ်။ အလားတူပဲ ကိုမင်းကိုနိုင် ကို လွှတ်ပေးမယ်ဆိုရင် ကိုမင်းဇေယျ ကို ပြောရမှာပဲ။ မလွတ်သေးတဲ့လူတွေအတွက် ကျနော်တို့ ဆက်တောင်းဆိုနေရမှာပါ။ ဒါက တရားမျှတမှုအတွက် တောင်းဆိုနေတာပါ။ အဓိကက ကိုမင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးက ကျနော်တို့အတွက် အရမ်းကိုအရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမင်းကိုနိုင်တို့ကို လွှတ်ပေးမှ ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်မယ်ဆိုတာ မဟုတ်ဘူးပေါ့။ မလွှတ်ပေးလည်း ဆက်ပြီးဆွေးနွေးရမယ်ဆိုတဲ့ သဘော လက်ခံတယ်ပေါ့။
ကိုမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ သူကို လွှတ်ပေးလာရင်လည်း ဆွေးနွေးဖို့ ဆက်ပြောမှာပဲ။ မလွှတ်ပေးဘူးဆိုရင်လည်း အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ရမှာပဲ။ တိုက်တွန်းနေမှာပဲ။ တောင်းဆိုနေမှာပဲ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆွေးနွေးတဲ့အထဲမှာ ကိုမင်းကိုနိုင် ကိုရော ပါစေချင်သလား။ ပါရမလား။ ပါဖို့လိုအပ်သလား။
ကိုမိုးသီးဇွန် ။ ။ ကိုမင်းကိုနိုင် ပါတယ်။ ၈၈ မျိုးဆက်သစ်တွေအားလုံးပါတယ်ဆိုရင်တော့ ကျနော်တို့က အတိုင်းထက်အလွန်ပေါ့။ မင်းကိုနိုင် ပါရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ မင်းကိုနိုင် ကိုယ်တိုင်ကိုက ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံပါတယ်။ သူလုပ်တဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံပါတယ်လို့ သူ့ရဲ ့ message တွေ ပေးထားပြီးပြီ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက နိုင်ဥက္ကာ ကို မေးချင်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ဘယ်လောက် အရေးကြီးတယ်လို့ မြင်ပါသလဲ။ ကိုမင်းကိုနိုင် က နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့။ တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တယောက်လို့ ယူဆသလား။ တိုင်းရင်းသား ရှုထောင့်ကရော တိုင်းရင်းသားပြဿနာတွေ ပြေလည်ရေးအတွက် ကိုမင်းကိုနိုင် လွှတ်မြောက်ရေးက အရေးပါတယ်လို့ ထင်မြင်ပါသလား။
ကိုနိုင်ဥသာ ။ ။ ကျောင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးဟာ ဒီမိုကရေစီရရှိရေးအတွက် အတူတူလုပ်နေကြတဲ့အတွက်ကြောင့်မို့ တယောက်တယောက်လုပ်တာတွေဟာ အားလုံးက အကြုံဝင်နေတယ်လို့ ပြောချင်ပါတယ်။ ကိုမင်းကိုနိုင် ဟာ မွန်အမျိုးသားတယောက်ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးအတွက် ကိုယ်စားပြုပြီးတော့ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ကြတော့ တိုင်းရင်းသားအရေးကို ကျနော်တို့ရဲ ့ ~ ရရှိရေးအတွက် အခြေခံပြီး ဖွဲ့စည်းထားတဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဖြစ်ပေမယ့် တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးဟာ ဒင်္ဂါးပြားရဲ ့ ခေါင်းနဲ့ပန်း လို့ အတူတကွ တပြိုင်တည်း ဖြေရှင်းရမှာမို့ ဘာကိုပဲ ကိုင်လိုက်ကိုင်လိုက် အတူတူပဲဖြစ်တယ်လို့ ကျနော်လက်ခံထားပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက တကယ်လို့ ကိုမင်းကိုနိုင် ကို လွှတ်ပေးလိုက်တယ်ဆိုကြပါစို့ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးလက်စ ရှိနေတယ်။ ဆက်လက်ပြီး ဆွေးနွေးလိုတယ်ဆိုတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို နည်းနည်းရောက်သွားနိုင်ပြီ၊ ဦးတည်နိုင်ပြီလို့ ဆိုနိုင်ပါသလား။ အဲဒီတော့ ဆွေးနွေးတယ်၊ အခုလည်း ဆွေးနွေးနေတာတော့ ရှိနေပြီပေါ့။ ကိုမင်းကိုနိုင်လည်း လွှတ်ပေးမယ်၊ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလားအလာ တိုးတက်လာမယ်လို့ ကိုမိုးသီး သတ်မှတ်ပါသလား။
ကိုမိုးသီးဇွန် ။ ။ အဲဒါဆိုရင်တော့ သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးတယ် တယောက်ပြီးတယောက်ခေါ်ပြီးဆွေးနွေးတယ်ဆိုရင် ဒါဟာ တိုးတက်တဲ့အလားအလာတွေပဲ။ ဒါကို ကျနော်တို့ လက်ခံပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးတာ သူတို့ကို ကျနော်တို့ ကျေးဇူးတင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးနေတာတွေကို ကျနော်တို့ မျှော်လင့်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြန်ကောင်း ရလဒ်ကောင်းတွေထွက်မှ အမျိုးသားပြန်လည်စည်းလုံး ညီညွှတ်ရေးက အဆင်ပြေလာမယ်။ အဲဒီကြားထဲမှာမှ မင်းကိုနိုင်ကို လွှတ်ပေးတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ပြန်လွှတ်ပေးတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒီလို အမျိုးသားပြန်လည် လွှတ်မြောက်ရေးအတွက် ဒီလိုတံခါးကို ကျဉ်းကျဉ်းလေး ဖွင့်မထားဘဲ၊ ကျယ်ကျယ်ဖွင့်လာတာနဲ့အမျှ ကျနော်တို့က ဒီအပေါ်မှာ တိုးတက်မှုလို့ လက်ခံပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီးတို့အနေနဲ့ အဲဒီအချိန်ကိုရောက်ရင် ဗမာနိုင်ငံထဲကို ပြန်ပြီးတော့ နိုင်ငံအကျိုးကို ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါသလား။
ကိုမိုးသီးဇွန် ။ ။ ကျနော်တို့ ဒီနေ့ တိုက်လာတာ (၂၃) နှစ်။ ဗမာပြည်ကို ပြန်ချင်လွန်လို့ တိုက်ပွဲဝင်နေတာ။ တရက်မှ မေ့လို့မရဘူး။ ကျနော်တို့ တိုင်းပြည်တကယ် ဒီမိုကရေစီရပြီ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ့်ကို လမ်းကြောင်းအမှန်ပေါ် ရောက်ပြီဆိုတာနဲ့ ကျနော်တို့ ကိုယ်နိုင်ငံမှာပဲ ရှိကြမှာပဲ။ ဒီအတွက် ဒီလောက်အထိ (၂၃) နှစ်လုံးလုံး တနေ့မှ မရပ်မနား တိုက်ပွဲဝင်နေကြတာပါ။ ကျနော်တို့ ဗမာပြည်မှာ ရှိမှာပဲ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပြန်ဖို့အရေးမှာ အဓိကကျတဲ့အချက်ထဲမှာ ကိုမင်းကိုနိုင်တို့ ပြန်လွတ်ရေးပါတယ်ဆိုရင်လည်း မမှားဘူးပေါ့။
ကိုမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့အားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်က အဓိက အရေးကြီးတဲ့အချက်တွေထဲမှာ ၈ လေးလုံး ခေါင်းဆောင်တွေ ပြန်လွတ်ဖို့ လိုပါတယ်။
ဦးကျော်ဇံသာ ။ ။ နိုင်ဥသာ က ဘယ်လိုသဘောရပါသလဲ။ တိုင်းရင်းသားတွေရဲ ့ မကျေနပ်မှုနဲ့ တိုက်ပွဲဝင်နေရတဲ့ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ သူတို့က တိုင်းရင်းသားအရေးကို တောင်းဆိုပြီးတော့ တိုက်ပွဲဝင်နေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မင်းကိုနိုင်တို့ လွတ်လာတယ်။ တွေ့ဆုံဆွေးနွေးရေးအလားအလာ ကောင်းတယ်ဆိုရင် တိုင်းပြည်ထဲဝင်ပြီးတော့ နိုင်ငံရေးတာဝန် ထမ်းဆောင်မယ့် ရည်ရွယ်ချက်ရှိပါသလား။
ကိုနိုင်ဥသာ ။ ။ ကျနော်တို့ကတော့ ကျနော်တို့ တိုင်းရင်းသားတွေအတွက် လိုအပ်တဲ့ဟာတွေက ရှိတယ်လေ။ ဒီမိုကရေစီရရှိပြီသည်တိုင်အောင် ကျနော်တို့ တိုင်းရင်းသားတွေအရေးက အပြည့်အဝ ရမရဆိုတာကို ထပ်ပြီးတော့ ကျနော်တို့ ဟိုဒင်းရအုံးမှာပေါ့။ ထပ်ပြီးလေ့လာပြီးမှ တိုင်းရင်းသားအရေးအတွက်လည်း ရလာပြီဆိုရင်တော့ ကျနော်တို့ စုစုရုံးရုံးနဲ့ ကျနော်တို့ ညီအကိုတွေ အတူတကွ ပြန်လုပ်ကြရတာပေါ့။
ဦးကျော်ဇံသာ ။ ။ နောက်တခု ဆက်မေးချင်တာက နိုင်ဥသာတို့အနေနဲ့ မင်းကိုနိုင်ရဲ ့ တိုင်းရင်းသားများအပေါ် သဘောထားကို သိပါသလား။ သိသမျှပြောပြပါ။
ကိုနိုင်ဥသာ ။ ။ ကျနော်တို့ တိုင်းရင်းသားထဲမှာ မင်းကိုနိုင်ရယ်မှ မဟုတ်ဘူး။ ဘီစီပီ လက်ထက်ကတည်းက မြန်မာနိုင်ငံအရေးကို ဦးဆောင်နေတဲ့ မွန်တိုင်းရင်းသားတွေ အများကြီးရှိခဲ့ပါတယ်။ ~ ဦးချစ်လှိုင် တို့ ခေတ်အဆက်ဆက်မှာ ကျနော်တို့ဟာ တိုင်းရင်းသားအရေးကိုပဲ မဟုတ်ဘဲနဲ့ တပြည်လုံးရဲ ့ အရေးကို စဉ်းစားပြီးတော့ ဆောင်ရွက်ပေးခဲ့တဲ့ တိုင်းရင်းသားတွေ ရှိခဲ့ပါတယ်။ ရခိုင်လည်းရခိုင်မို့၊ မွန်လည်မွန်မို့၊ ကချင်လည်းကချင်။ ကျနော်တို့ တိုင်းရင်းသားတွေဟာ တိုင်းရင်းသားအရေးလောက်တင် အာရုံစိုက်ပြီး ပြည်ထောင်စုအရေးကို အာရုံမစိုက်ပါဘူးလို့ မတွေးစေချင်ဘူး။ ကျနော်တို့လည်း ဒီအတိုင်းပါပဲ တိုင်းရင်းသားအရေးကို အခြေခံပေမယ့် ပြည်ထောင်စုကြီးတခုလုံး အရေးကိုလည်း ကျနော်တို့ စူးစူးစိုက်စိုက် ကြည့်နေပါတယ်။ ကျနော်တို့ရဲ ့ ပြည်ထောင်စုကြီးတခုလုံး ကောင်းဖို့က တိုင်းရင်းသားတွေအရေးပါ ပါသွားပြီးမှသာလျှင် တကယ်ပြေလည်တဲ့ လမ်းစပေါ် ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီး က မင်းကိုနိုင်နဲ့ ၈၈ အရေးပေါ်စတဲ့အချိန်မှာ အများဆုံးလက်တွဲခဲ့တယ်လို့ နားလည်းပါတယ်။ ကိုမင်းကိုနိုင်တို့ရဲ ့ တိုင်းရင်းသားတွေ သဘောထားကိုလည်း သိသလောက် နည်းနည်းပြောပြပါ။
ကိုမိုးသီးဇွန် ။ ။ ကိုမင်းကိုနိုင် သဘောထားကတော့ သူကိုယ်တိုင်ကလည်း မွန်သွေးပါတယ့် ရဲဘော်တယောက်ဖြစ်တယ်။ နောက်တခုက တိုင်းရင်းသားအရေးတွေကိုလည်း အလေးအနက်ထားတယ်။ အဲဒီလိုမျိုး ကျနော်တို့ ဗကသ တုန်းက တလျှောက်လုံး ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဟိုတုန်းကတော့ ကျနော်တို့လည်း သိပ်ပြီး နိုင်ငံရေးအရ မရင့်ကြတ်ကြသေး၊ သိပ်မသိကြသေးတဲ့အပိုင်းတွေမှာ တိုင်းရင်းသား ပြဿနာတွေအပေါ်မှာ ဘယ်လို ပေါ်လစီတွေနဲ့ သွားကြရမယ်ဆိုတာကို ဗကသခေါင်းဆောင်တွေမှာ တိတိကျကျတော့ မသိဘူးပေါ့။ ဒါပေမဲ့ အစဉ်အလာအရ ဗကသမှာ ချမှတ်ခဲ့တဲ့ တိုင်းရင်းသားအပေါ် မူတွေရှိပါတယ်။ အဲဒါကတော့ အမျိုးသားညီညွတ်ရေးဆိုတဲ့ မူရှိပါတယ်။ ဗကသမူအဖြစ် ကိုင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျနော်တို့ ပိုပြီး လေ့လာဖြစ်လာတဲ့အခါကြတော့ ဖဒရယ်မူနီးပါးအထိ အပြန်အလှန်ဆွေးနွေးမှုတွေ ရှိခဲ့တယ်။ ခက်တာက ကိုမင်းကိုနိုင်၊ ကိုကိုကြီး ကျနော်တို့ ဗကသ ခေါင်းဆောင်တွေဟာ ဒီပေါ်လစီတွေကို apply မလုပ်ခင်မှာပဲ မကြာခဏအဖမ်းခံရတယ်။ ထောင်ထဲတွေကို ရောက်သွားကြတယ်။ ပေါ်လစီတရပ်အနေနဲ့တော့ ခေါင်းဆောင်တွေကြားထဲမှာ ချထားတာတွေ မရှိပေမယ့်၊ စာရေးတရားဝင်ချထားတာ မရှိပေမယ့်။ ကျနော်တို့ ဆွေးနွေးချက်တွေမှာတော့ ဖဒရယ်မူတွေ၊ မယ်သဝေါထ ကြေညာချက်၊ မယ်သဝေါ ကြေညာချက်တွေ အကုန်လုံးကို သိနေကြတယ်။ ကျနော်တို့နဲ့ အပြန်အလှန်ဆွေးနွေးတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဆီကို ကန့်ကွက်တာတို့၊ လက်မခံတာတို့ တခါမှ သူတို့မဆွေးနွေးဘူး။ ထောက်ခံတဲ့ သဘောထားတွေကိုပဲ ဆွေးနွေးထားတယ်။ ဒါကြောင့်မို့ သူ့ရဲ ့ တိုင်းရင်းသားတွေအပေါ် သဘောထားက ဘာလဲဆိုရင် ကျနော်တို့ ဒီနေ့ ချမှတ်ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပေါ်လစီ။ အထူးသဖြင့် ဖဒရယ်မူတွေအပေါ်မှာ သူတို့က ကန့်ကွက်မယ်လူတွေ မဟုတ်ဘူး။ ထောက်ခံမယ်လူတွေ။ တိုင်းရင်းသားပြဿနာတွေကို အနားလည်းဆုံးလူတွေလို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုမိုးသီး က တချက်ဆက်မေးချင်ပါတယ်။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံ အာဏာပိုင်တွေဟာ ကိုမင်းကိုနိုင် တို့လို လူတွေကို မလွှတ်ပေးတာ ဘာကြောင့်လဲ။ သူတို့က ကိုမင်းကိုနိုင် လို လူမျုုိးဟာ တိုင်းပြည်ကို ဆူဆူပူပူ ဖြစ်အောင် လုပ်လိမ့်မယ်လူလို့ ထင်ပါသလား။ အဲဒီလိုမျိုး ထင်စရာ အကြောင်းရှိပါသလား။ ဘာကြောင့် မလွှတ်သေးဘူးလို့ ထင်ပါသလဲ။
ကိုမိုးသီးဇွန် ။ ။ ဟုတ်ပါတယ်။ ဦးကျော်ဇံသာ မေးတဲ့အထဲမှာပဲ အဖြေက ပါနေတယ်။ သူတို့က ကိုမင်းကိုနိုင်တို့လို လူမျိုးတွေ လွတ်လာပြီဆိုရင် သူတို့ကို ခြိမ်းခြောက်တယ်ပေါ့။ သူတို့ရဲ ့ တည်ငြိမ်မှု stability ကို နှောက်ယှက်ဖျက်ဆီးနိုင်တယ်လို့ သူတို့ယူဆတယ်။ အဲဒါကြောင့် နအဖ၊ စစ်အစိုးရ ပေါ်လစီတွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တဲ့အခါမှာ မင်းကိုနိုင်တို့ကို ဖမ်းထားတယ်။ မင်းကိုနိုင်တို့ကို လွှတ်တဲ့အခါမှာ ဒေါ်စုကို ဖမ်းတယ် စသဖြင့် အဲဒီလို ကစားလာတယ်။ အဲဒါမျိုးတွေက အချိန်ကုန်ရုံပဲ အဖတ်တင်မယ်။ ဘာအကျိုးရလဒ်မှ ထွက်မှာမဟုတ်ဘူး။ အဓိက သူတို့ဘာကြောင့် ဖမ်းထားသလဲဆိုရတော့ သူတို့ကို တည်ငြိမ်မှုကို နှောက်ယှက်နိုင်တဲ့ လူတွေလို့ယူဆထားတယ်။ အဲဒါပဲ။
ဦးကျော်ဇံသာ ။ ။ အဲဒီ အန္တရာယ် အခုထိ ရှိနေသေးသလား။ အစိုးရက ဒီပေါ်လစီနဲ့ အခုထိ ရှုမြင်နေသေးသလား။ သူတို့ကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုတာ သိပ်ပြောနေတာ အခုအချိန်မှာ။ မပြောင်းလဲသေးဘူးပေါ့။
ကိုမိုးသီးဇွန် ။ ။ ကျနော်တော့ သူတို့ရဲ ့ တည်ငြိမ်မှုတွေ၊ သူတို့ရဲ ့ အခုလုပ်နေဟာတွေကို ဖျက်လို့ဖျက်ဆီး လုပ်မယ်လို့ မယုံကြည်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မင်းကိုနိုင်တို့ အဖမ်းခံရတဲ့ဟာက ဦးသန်းရွှေ အစိုးရကလုပ်သွားတာ။ ဒီနေ့ ဒီအစိုးရ လုပ်မယ်ဆိုတဲ့ ပေါ်လစီတွေ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ စီးပွားဖွံ့ဖြိုးရေးတွေက မင်းကိုနိုင်တို့ ပေါ်လစီတွေ၊ ဟောပြောချက်တွေနဲ့ အကုန်သွားကိုက်ညီနေတယ်။ ဒီအတွက် သေသေချာချာ ဆွေးနွေးပါလို့ ဒီနေရာကနေ တိုက်တွန်းချင်တယ်။ မင်းကိုနိုင်တို့က ဒီအစိုးရရဲ ့ လုပ်ဆောင်ချက်တွေကို ဖျက်ဆီးမယ့်လူတွေ မဟုတ်ပါဘူးလို့ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး နိုင်ဥသာ အနေနဲ့လည်း ပြောပါခင်များ။ မင်းကိုနိုင် တို့ကို ဘာကြောင့်မလွှတ်သေးဘူးလို့ ထင်သလဲ။ သူတို့ဟာ မင်းကိုနိုင်တို့ သူတို့ရဲ ့ မူဝါဒတွေကို ဖျက်ဆီးနှောက်ယှက်မယ်ဆိုတာ သူတို့အတွက် တကယ်စိုးရိမ်နိုင်တဲ့ အထောက်အထားတွေ၊ တကယ်ပဲ ရှိနေလို့လား။ ဘယ်လိုသဘောရပါသလဲ။
ကိုနိုင်ဥသာ ။ ။ သူတို့ အစိုးရိမ်လွန်နေတာပါ။ တကယ်တမ်းဆိုတော့ ကျနော်တို့တွေဟာ ဒီခါးသီးတဲ့၊ တယောက်နဲ့တယောက် အပြန်အလှန် သံသယတွေကြောင့်၊ အမုန်းအာဂတတွေကြောင့် ဖြစ်ပျက်နေတာတွေ အားလုံးကို ရင်နဲ့မမျှအောင် ခံစားခဲ့ရပြီးပြီ။ အဲဒီတော့ အားလုံးက ညီညီညွှတ်ညွှတ်နဲ့ အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ချင်တဲ့ လူတွေကြီးပဲလို့ ယုံကြည်တယ်။
ဦးကျော်ဇံသာ ။ ။ သောတရှင်များခင်များ တကယ်တော့ တိုင်းပြည် ဆူဆူပူပူ ဖြစ်မှာစိုးလို့ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားရတယ်ဆိုတာ မှန်ကန်ပါရဲ ့လား။ လူထုချစ်ခင်လေးစားတဲ့ မင်းကိုနိုင်တို့လို ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထားခြင်းကသာလျှင် လူထုကို ခံပြင်းဒေါသ ထွက်စေပြီး ဆူဆူပူပူ ဖြစ်လာနိုင်တဲ့အကြောင်းတရား မဖြစ်ပေဘူးလားဆိုတာကို သေသေချာချာ စဉ်းစားကြည့်ရင်တော့ အဖြေပေါ်ပါလိမ့်မယ်။
0 comments :
Post a Comment