ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး အင်အားကြီးငယ် လူမျိုးစုပေါင်း ရာကျော်နှင့် စုပေါင်းဖွဲ့စည်း တည်ထောင်ထား သော နိုင်ငံတနိုင်ငံ ဆိုသည်ကို အထူးပြောစရာ လိုမည်မထင်ပါ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ပင်လုံစာ ချုပ်ချုပ် ဆိုပြီး နောက်မှ ပြည်ထောင်စုမြန် မာနိုင်ငံ ဖြစ်လာသည်ကို အားလုံး သတိရနေကြပါလိမ့်မည်။ ယနေ့အချိန်တွင် တိုင်းရင်းသားများအနေဖြင့်“ဗမာတွေအချင်းချင်း ဗမာ့နိုင်ငံရေးကိုပဲ လုပ်နေကြသည် တိုင်းရင်းသားအရေးကို မေ့ နေပြီ”ဟု အသံများ ထွက်လာနေပါသည်။ မကြာသောကာလက ဒုတိယပင်လုံညီလာခံဟု ကြွေးကြော်ခဲ့သော်လည်း ယနေ့မှေးမှိန် စပြုနေသည်ကို အားမလိုအားမရဖြစ်၍ နေကြသည်ဟုလည်း သိရပါသည်။ တိုင်းရင်းသားနယ်မြေအသီးသီးတွင် အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်းပြည်နယ်များ၌ တပ်မတော်၏ ထိုးစစ်ကြောင့်၊ တပ်မတော် သား အချို့ကြောင့် အပြစ်မဲ့အရပ်သူအရပ်သားများ အသတ်ခံရခြင်း၊ မုဒိန်းအကျင့်ခံရခြင်း၊ အရိုက်အနှက်ခံရခြင်း၊ အစား အသောက် ပစ္စည်းများ လုယက်ခံရခြင်း၊ ပေါ်တာအဆွဲခံရခြင်းတို့ ကြုံတွေ့နေကြရ ပါသည်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင် တချို့ကလည်း စစ်တပ်နှင့်မသက်ဆိုင်သော အရပ်သူအရပ်သားများ စစ်မှုထမ်း ဟောင်းများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည်ဟု သိရသည်။ ယခုအတိုင်းဆက်၍ အစိုးရနှင့် အတိုက်အခံခေါင်းဆောင်များ လျစ်လျူရှုထားမည် ဆိုပါက နောင်တချိန်တွင် လူမျိုးရေးမုန်းတီးမှုမှ သည် နာကျည်းမှုသို့ကူးပြောင်းပြီး သမိုင်းအဆက်ဆက် ဗမာသည် တိုင်းရင်းသားများ၏ ထာဝရရန်သူများ ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ဗမာ့တပ်မတော်အနေဖြင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် တပ်မတော်ဘဝမှ စုတေပြီးနောက် ၁၉၆၂ ခုနှစ်မှသည် ယနေ့အထိ အာ ဏာရှင် အဆက်ဆက်၏ လက်အောက်တွင် လိုအပ်သလို စစ်ကျွန်အဖြစ် အသုံးချခံခဲ့ရပါသည်။ အာဏာရှင် ခေတ်အဆက်ဆက် တပ်မတော်အပေါ် ပြည်သူလူထု၏ လေးစားမှု ကြည်ညိုမှုများ လျော့နည်းခဲ့ပြီး အဆိုးဆုံးမှာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် တပ်မတော်ကို အလုံးစုံပျက်စီးစေရန် ဆောင်ရွက်သွားခဲ့ပါသည်။ အဆိုးဆုံးမှာ စာရိတ္တပိုင်းဆိုင်ရာကို တပ်မတော် အရာရှိ အရာခံ အကြပ်တပ်သား အားလုံး အဖျက်ဆီးခံလိုက်ရခြင်းပင် ဖြစ်ပါသည်။ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှသည် အဆင့် အနိမ့်ဆုံးတပ်သားအဆင့်အထိ အာဏာကိုအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာမှုကို အရေးမယူဘဲ မသိချင်ယောင်ဆောင်ခဲ့ခြင်းကြောင့် စာရေးသူတို့ တပ်မတော်အတွင်းရှိစဉ်မှာပင် တပ်မတော်တွင် အားလုံး “သူခိုးကြီးနှင့် သူခိုးလေး”တွေပဲဟု ဟာသ ဆောင်ပုဒ်တခုထွက်ခဲ့သည်မှာ ယနေ့တိုင်ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ ထိုစဉ်ကတည်းက စာရေးသူတို့ အသိုင်းအဝန်းအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်ဖြစ်ရင်တော့ တပ်မတော်လည်းပျက်ပြီ တိုင်းပြည်လဲပျက်ပြီ ဟုမှတ်ချက်စကား ပြောခဲ့ကြပါသည်။ နဝတ ၊ နအဖ လက်ထက် ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ အပါအဝင် တပ်မတော်နှင့် အရပ်ဘက် အဆင့်မြင့်အရာရှိ ကြီးများ၏ လာဘ်စားမှုများ၊ မယားအငယ်များ ထားနေမှုများ၊ သမီးအရွယ် အမျိုးသမီးငယ်များနှင့် ပျော်ပါးနေမှုများ၊ နိုင်ငံ၏စီးပွားရေးလုပ်ငန်း များတွင် ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၏ မိသားစုဝင်များက ဝင်ရောက်စွက်ဖက်နေမှုများ အစရှိသည့် မသမာမှု ပေါင်းစုံကို တာဝန် အရှိဆုံးအထိ တင်ပြခဲ့သော်လည်း တင်ပြသောဌာနအား နှုတ်မိန့်ပေးခဲ့သည်မှာ အဆိုပါကိစ္စများနှင့်ပတ်သက်၍ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်(ကြည်း)ရုံး၏ ညွှန်ကြားချက်မရဘဲ စုံးစမ်းခြင်း၊ မေးမြန်းခြင်း၊ စစ်ဆေးခြင်း မပြုလုပ်ရဟု အမိန့်ပေးခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် မသမာမှုများကို ကာကွယ် တားဆီးရမည့်သူများနှင့် မသမာမှု ပြုလုပ်ကြသည့် ရာထူးကြီးငယ်များ ပေါင်းသင်း သွားကြပြီး မတရားမှုပေါင်းစုံကို စစ်တပ်နှင့် အရပ်ဘက်အတွင်း လွတ်လပ်သလောက် နီးပါးလုပ်ကြပါတော့သည်။ ပို၍ဆိုးဝါးသည်မှာ လက်နက်ကိုင်ဆောင်ထားသော ရှေ့တန်းနယ်မြေများရှိ အရာရှိအရာခံ အကြပ်တပ်သားများကို လွဲမှားသည့် အမိန့် များပေးခြင်းပင် ဖြစ်ပါသည်။ အရပ်သူ အရပ်သားကို “ရေလို လလို”ဆက်ဆံရမည့်အစား ရန်သူနှင့်တသဘောတည်း “မီးလိုနေလို” ဆက်ဆံခိုင်းစေခဲ့ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် မမွေးဖွားရ သေးသောကလေးပါ မကျန်အောင် အပြစ်မဲ့ အရပ်သူအရပ်သားများအား ရှင်းပစ် သတ် ပစ်ရန် ရှေ့တန်းနယ်မြေများတွင် ကကကြည်း ဟုခေါ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်ဆင်ရေးဌာနမှ လက်အောက်ခံ တပ်မှူးကြီး များအား အမိန့်ပေးခဲ့သည်။ တပ်မတော်၏ အရေအတွက်မှ အရည်ချင်းသို့ ဆောင်ပုဒ်ကိုပြောင်းပြန်လှန်ပြီး အရည်အချင်းမလို အရေအတွက်ကိုသာ ဦးစားပေး ၍ အရာရှိစစ်သည် စုဆောင်းခဲ့မှုကြောင့် စစ်တပ်သည် ပြည်သူ့တပ်မဟုတ်ဘဲ ကြေးစားတပ်ဟု ခေါ်ဆိုရမည့် အခြေအနေမျိုး ရောက်ရှိခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ နှုတ်မိန့်ဖြင့် ကလေးပါမကျန် စစ်သားစုဆောင်းခိုင်းခဲ့သည့်အတွက် ယနေ့အချိန်အထိ အဆိုပါကိစ္စကို တပ်မတော်အတွင်း တာဝန်ရှိသူများအနေဖြင့် တိတိပပ အရေးယူဆောင်ရွက်မှု မပြုလုပ်ရဲကြပါ။ အစဉ်အလာ တပ်မတော်နည်းဥပဒေများကို လျစ်လျူရှုပြီး တပ်မတော်အတွင်းသို့ အရွယ်မရောက်သေးသော ကလေးငယ်များ၊ ရာဇဝတ်မှုကျပြီး လွတ်မြောက်လာသော ထောင်ထွက်များ၊ တပ်ပြေးများ၊ အကျင့်စာရိတ္တ မကောင်းသူများကိုပါ စစ်သားအဖြစ် လူ သစ် စုဆောင်းခဲ့ခြင်းကြောင့် ယနေ့ တပ်မတော်၏ အခြေအနေသည် မည်သည့်အခြေအနေ ရောက်နေပြီ ဆိုသည်ကို ခန့်မှန်း၍ ရနိုင်ပါသည်။ တပ်မတော် အတွင်း စိတ်ဓာတ်ကောင်းမွန်သော အရာရှိအရာခံ အကြပ်တပ်သား အများစု ရှိနေပါသော်လည်း အထက်လူကြီးများ၏ ပေါ်လစီကြောင့် ခေါင်းငုံ့၍ခံနေကြရပါသည်။ ယနေ့ တပ်မတော်သည် စစ်စရိတ်များများသုံးနိုင်ခြင်းနှင့် စစ်သည် အင်အားပေါများလာသော်လည်း စစ်သည် စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်များ လုံးဝကျဆင်းနေပြီဆိုသည်ကို မည်သို့မျှ ငြင်း၍မရနိုင်ပါ။ လက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဖြစ်ပွားနေသော တိုက်ပွဲများက စစ်တပ်၏ စွမ်းရည်(၃)ရပ် ကျဆင်းနေခြင်းကို ဖော်ပြနေပါသည်။ တပ်မတော် ဘက်မှ ခြေလျင် တပ်ရင်း(ခလရ) (၄၇) တပ်ရင်းမှူး အဖမ်းခံရခြင်း၊ အရာရှိစစ်သည် ရာနှင့်ချီပြီး ကျဆုံးဒဏ်ရာ ရခြင်း ခလရ(၂၁)၊ (၃၇)၊ (၂၆၀) တပ်ရင်းမှူးများ အထုတ်ခံရခြင်း၊ ခလရ (၅၈)၊ (၄၃၇)တပ်ရင်းမှူးများ ပြင်းထန်စွာ သတိပေးခံရခြင်း အပါအဝင် ခလရ (၃၈၁)တပ်ရင်း လွယ်ဂျယ်တွင် KIA တပ်များက ဝိုင်းထားခြင်းခံသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရပါသည်။ စစ်တပ်အနေဖြင့် ကြွက်မနိုင် ကျီမီးနှင့်ရှို့ဆိုသည့် စကားပုံအတိုင်း အပြစ်မဲ့အရပ်သူအရပ်သားများကို ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်နေသည့် သတင်းများထွက်ပေါ်နေပါသည်။ KIA ဘက်မှလည်း လက်တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိနေကြသဖြင့် လက်ရှိအတိုင်း လွှတ်ထားမည်ဆိုပါက ကချင်-ဗမာ မုန်းတီးနာကျည်းမှု အရေးခင်းသဘောမျိုး ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တ့ံခိုင်မြဲရေး ဆိုသည့် ဒို့တာဝန်အရေး (၃)ပါးကို တစာစာအော်နေသည့် နဝတ၊ နအဖ၊ ဦးသိန်းစိန်အစိုးရ သည် လက်ရှိဖြစ်ပျက် နေသော တိုင်းရင်းသားပြဿနာများကို လျစ်လျူမရှုထားသင့်ဟု မြင်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ မက တိုင်းရင်းသားလူမျိုးများ အရေးကိုပါ ထည့်သွင်းစဉ်းစားပါမှ ပီပြင်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လိမ့်မည်ဟု ယုံကြည် ပါသည်။ အစိုးရအနေဖြင့် “ဝ” ၊ မိုင်းလားအဖွဲ့ကို ပေးသည့်ငြိမ်းချမ်းရေး အခွင့်အရေးမျိုး ကရင်၊ ကချင်၊ ရှမ်း လက်နက်ကိုင်များကို ပေးသင့်ပါသည်။ တိုင်းရင်းသားများသည် ဗိုလ်ချုပ်အောင်ဆန်း ကို အားကိုးယုံကြည်ခဲ့သောကြောင့် ပြည်ထောင်စု ဖွဲ့စည်းရေးကို သဘောတူ ခဲ့ပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည် မူလလက်ရင်း ညီအစ်ကိုရင်းများဖြစ်ခဲ့သည် ဆိုခြင်းကို အစိုးရ အနေဖြင့် မမေ့ရန် သတိပေးလိုသည်။ တိုင်းရင်းသားများ၏ ရိုးသားမှုကို အစိုးရ အဆက်ဆက်မှနိုင်ငံရေးအမြတ် ထုတ်ခဲ့ကြပါသည်။ ထိုသို့မဖြစ်ရန် အစိုးရဘက်မှ ရိုးသားမှုကိုပြသသည့်အနေဖြင့် ထိုးစစ်များရပ်ဆိုင်းပြီး တိုင်းရင်းသားများကို ငြိမ်းချမ်းရေးစကား ကမ်းလှမ်းသင့်ပါသည်။ လွှတ်တော်အတွင်း၊ အပြင် နိုင်ငံရေးပါတီများအနေဖြင့်လည်း မြစ်ဆုံဆည် ရပ်တ့ံရေးကိစ္စတွင် ပြည်သူလူထုကို စည်းရုံးစွမ်းဆောင်နိုင်သကဲ့သို့ ယနေ့တိုင်းရင်းသားများအရေးကိစ္စ ငြိမ်းချမ်းရေးအတွက် အစိုးရအားနည်းလမ်း ပေါင်းစုံနှင့် တိုက်တွန်းခြင်း ဖိအားပေးခြင်း များပြုလုပ်သင့်ပါသည်။ KIA သည် မြစ်ဆုံဆည်ရပ်တံံရေး ကိစ္စကို စတင်ပြီးဆောင်ရွက်ခဲ့သဖြင့် တရုတ်အစိုးရ နှင့် မြန်မာအစိုးရတို့၏ ငြိုငြင်မှုကိုခံရပြီး ပြင်း ထန်သော ထိုးစစ်ကို ကချင်တိုင်းရင်းသားများ ခံနေရပါသည်။ သို့ပါ၍ ကျန်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် ကချင် တိုင်းရင်းသားများအရေး ဝိုင်းဝန်းဖြေရှင်း ပေးသင့်ပါသည်။ ကချင်-ဗမာ လူမျိုးရေး နာကျည်းစိတ်များ သမိုင်းတွင်မကျန်စေရေး မြစ်ဆုံရပ်တံံ့ရေး ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံသား အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ (စာရေးသူ အောင်လင်းထွဋ်သည် ဗိုလ်မှူးဟောင်း တဦးဖြစ်သည်။ တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်) အောင်လင်းထွဋ် on November 1, 2011 3:28 pm
0 comments :
Post a Comment